ကျွန်တော်တို့ Post တွေရဲ့အောက်မှာ နာမည်တွေ ဝင်ရောက်စစ်ဆေးခိုင်းကြသူတွေ အများဆုံးပြောနေကြတဲ့ ပြဿနာကတော့
“နာမည်မှားတာကို သိပေမယ့် နာမည်ပြောင်းရတာက အရမ်းခက်မှာဘဲ” လို့ တွေးထင်နေကြတဲ့ ကိစ္စပါ
နာမည်ပြောင်းရတာ အရမ်းခက်တဲ့ ကိစ္စလား
မဟုတ်ပါဘူး။ ထင်သလောက် မခက်ခဲပါဘူး။ အများစု ခက်ခဲတယ်လို့ ထင်နေကြတာက စာရွက်စာတန်း(သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ကားလိုင်စင် နဲ့ ပတ်စ်ပို့စ်) စသည်တွေမှာ နာမည်က ဝင်ပြီး ဖြစ်နေတော့ နာမည်ပြောင်းဖို့ မလွယ်ဘူးပေါ့။ ဒါလည်း မှန်ပါတယ်
သို့သော် နာမည်ဆိုတာက လူခေါ်များတဲ့ နာမည်ကသာ အဓိက အကျိုးသက်ရောက်တာပါ။ လူတစ်ယောက်မှာ မှတ်ပုံတင်နာမည်နဲ့ အပြင်နာမည် (၂)ခုရှိပြီး အပြင်နာမည်ကိုဘဲ လူသိများ လူခေါ်များရင် အဲ့ဒီနာမည်အတိုင်းဘဲ အကျိုးပေးပါတယ် (မှားမှားမှန်မှန်ပေါ့) စာရွက်စာတန်းတွေထဲက နာမည်က လူသိပ်မခေါ်ရင် အကျိုးပေးမှုမရှိပါဘူး။
(ဒါ လက်တွေ့ပါ၊ သုတေသနတွေ အများကြီး လုပ်ပြီးပါပြီ)
ဒါကြောင့် (လူကြီးတွေ) နာမည်မှားလို့ ပြောင်းချင်သူတွေအတွက် စာရွက်စာတမ်းအထိ လိုက်ပြောင်းနေစရာမလိုပါ။
မှန်ကန်တဲ့ နာမည်သစ်ကို ပြောင်းပြီး အဲ့ဒီ နာမည်ကို လူတွေ အခေါ်များလာအောင် လုပ်နိုင်ရင် နာမည်ပြောင်းတာ အထမြောက်ပါတယ်။
လူတွေ ဆိုရာမှာလည်း အများကြီး မဟုတ်ပါဘူး၊ ကိုယ့်မိသားစု၊ ဆွေမျိုးနဲ့ အမြဲပေါင်းနေတဲ့ မိတ်ဆွေရင်းတွေလောက်ဘဲ နာမည်သစ်ကို လိုက်ခေါ်ရင် ရပါပြီ။ သိပ်ခက်ခက်ခဲခဲ ကိစ္စမဟုတ်ပါ။
နောက်တစ်ခုက နာမည်ပြောင်းပြီးရင် “ကဗ္ဗည်းထိုးအလှူ” တွေမှာ မိမိနာမည်သစ်ကို ကဗ္ဗည်းတင်ခိုင်းပြီး မကြာခဏ လှူဒါန်းပါ။ ဒါကလည်း တော်တော် ထိရောက်ပါတယ်
ကလေးတွေအတွက်ကျ ပိုလို့တောင် လွယ်ပါသေးတယ်။ ကျောင်းနာမည်ဆိုတာ အထက်တန်းအဆင့် မပြီးသေးသရွေ့ အချိန်မရွေး ပြောင်းလို့ ရပါတယ်။ အထက်တန်းကျောင်းသားအဆင့်ဆို “နာမည်ပြောင်းလဲ ခေါ်ဝေါ်ပါရန်” ဆိုတာ သတင်းစာမှာ ကြော်ငြာသေးသေးလေး ထည့်ပြီး ကြော်ငြာပါလာရင် အထက်တန်းကျောင်းအုပ်ဆီကို သွားပြပြီး ကျောင်းနာမည် ပြောင်းလို့ရပါတယ်။ ကျွန်တော့်ဆီမှာ ကလေး ရာပေါင်းများစွာ နာမည်ပြောင်းနေကြတာ လက်တွေ့ပါ။
ဘယ်အသက်အရွယ်ထိ နာမည်ပြောင်းလို့ရလဲ လို့လည်း မေးကြပါတယ်။ ပုံသေမရှိပါ။ ကံဇာတာ ပြောင်းလဲချိန်ကို ရောက်လာပြီဆိုရင် ဘယ်အသက်ဖြစ်ဖြစ် နာမည်ပြောင်းတာ ထိရောက်ပါတယ်။
အသက် (၆၆)နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက် မကျန်းမာလွန်းလို့ ဆိုပြီး နာမည်ပြောင်းပေးပါ အရမ်းပူဆာလွန်းလို့ နာမည်ပြောင်းပေးဘူးပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအချိန်မှပြောင်းလို့ သိပ်ထိရောက်မှု မရှိနိုင်ဘူးလို့ ယူဆခဲ့ပြီး စိတ်ကျေနပ်အောင်သာ ပြောင်းပေးခဲ့ပါတယ်။
ဒါပေမယ့် နာမည်ပြောင်းပြီး (၁)နှစ်ကျော်အတွင်းမှာ ကျန်းမာရေး အလွန်သိသာစွာ တိုးတက်ကောင်းမွန်လာကြောင်း ဝမ်းသာအားရ အကြောင်းကြားတာ ကိုယ်တွေ့ကြုံဘူးပါတယ်။ သူ့ဇာတာကို အသေးစိတ် ပြန်စစ်ကြည့်တော့မှ သူဟာ မကျန်းမာစေတဲ့ ဂြိုဟ်ဒဿာ ထဲကနေ လွတ်မြောက်စ ပြုနေတာကို စစ်ဆေးတွေ့ရှိလိုက်ရပါတော့တယ်။ ပြောင်းလဲချိန်တန်ပြီမို့ နာမည်အမှန်ကို အငမ်းမရတောင်းဆို နေတာပါ။ ဗဟုသုတ တစ်ခု ရလိုက်ပါတယ်
အတွေ့အကြုံအရ အရေးကြီးတဲ့တစ်ခုကို ပြောရရင် လူတစ်ယောက်ဟာ နာမည်နဲ့ကံကြမ္မာနဲ့ ထပ်တူကျနေပြီး အလွန်ကံဆိုးမိုးမှောင်လည်း ကျနေတယ်ဆိုပါစို့။ နောက်ပြီး အဲ့ဒီအခြေအနေကလည်း လွတ်မြောက်ဖို့ အချိန်မတန်သေးဘူးဆိုရင် နာမည်ပြောင်းတာဟာ သူ့အတွက် အလွန့်အလွန်ကို ခက်ခဲနေတတ်ပါတယ်။ မပြောင်းဖြစ်ကြတာ များပါတယ်။ ကံတရားက ခွင့်မပြုသေးလို့ပါ။
ဒါကြောင့် နာမည်ပြောင်းတာဟာ ထင်သလောက် မခက်ဘူး ဆိုပေမယ့် ပြောင်းလဲချိန် မတန်သေးတဲ့သူတွေ ၊ နာမည်အမှား နဲ့ဘဲ ဘဝကို ဆက်ပြီး ဖြတ်သန်းရဦးမည့် ကံတရား ရှိသူတွေအတွက် ခက်ခဲနေဉီးမှာပါ။ သူများတွေအတွက် လွယ်ရင်လည်း သူ့အတွက် ခက်နေမှာပါ။
နောက်တစ်ခု စိတ်ဝင်စားစရာကောင်းတာ တစ်ခုက နာမည်ပြောင်းမည့်သူတွေအတွက် နာမည်သစ်ကို လူတွေအများကြီးက လိုက်ခေါ်ဖို့ အင်မတန် ခက်ခဲနေရင် လူမှုမီဒီယာဖြစ်တဲ့ Facebook မှာဘဲ နာမည်သစ်ပြောင်းကြည့်ပါ။ အလွန်ထိရောက်ပါတယ်ဆိုတာ လက်တွေ့ သာဓက များနဲ့ နောက် Post တစ်ခုဖြစ်တဲ့ (Facebook နာမည် ပြောင်းကြမယ်) မှာ ဆက်လက်ဖတ်ရှုအားပေးကြပါဉီးခင်ဗျာ။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။
မေတ္တာများစွာဖြင့်
ဒေါက်တာတင်ဗိုလ်ဗိုလ် (နာမက္ခရနှင့် ဟူးရားနက္ခတ်ကျွမ်းကျင်သူ)
ကွန်ပျူဗေဒသုခုမ